ပါဝင်ပစ္စည်းများ

  • အသားတု – ၂၀ ကျပ်သား
  • ကြက်သွန်နီ – ၅ လုံး
  • ကြက်သွန်ဖြူ – ၁၀ တက်
  • ငရုတ်သီးခွဲကြမ်း – ၃ ဇွန်း
  • မြေပဲလှော် – ၅ ဇွန်း (နှစ်သက်မှထည့်ပါ)

ပြုလုပ်နည်း

  1. အသားတုတွေကို ၁၀ မိနစ်ခန့် ကြိုတင် ရေစိမ်ထားပါ။ ရေတွေကို စင်နေအောင် ညှစ်ထုတ်ပြီး အရွယ်ညီ မထူမပါး လှီးပါ (အရွယ် ညီအောင် လှီးမှ ကြော်တဲ့ အခါ အကျက်တူပါမယ်)။ ဆား ၊ ဟင်းခတ်မှုန့်လေး ဖြင့်အရသာ နယ်ထားပါ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကိုလည်း အရွယ်ညီအောင် ပါးပါးလှီးပါ ။ ဒယ်အိုး တစ်လုံးမှာ ဆီများများကို အပူပေးပြီး အသားတု တွေကိုကြွပ်အောင် ကြော်ယူပြီး ဆီစစ်ထားပါ ။ အကျက်လွန်သွားရင် ခါးသွားတတ်သည်ကို သတိပြုပါ ။
  3. ကြက်သွန်နီ ကိုကြွပ်ပြီး ရွှေရောင်ရအောင် ကြော်ယူပြီး အအေးခံထားပါ။ ကြက်သွန်ဖြူ ကိုလည်း အထက်ပါ အတိုင်း ကြော်ယူပြီး ဆီစစ်ထားပါ ။ပိုလျှံနေတဲ့ ဆီတွေကို ဖယ်ထုတ်ထားပြီး လက်ကျန် ဆီအနည်းငယ်မှာ ငရုတ်သီး ခွဲကြမ်းဖတ်ကို နနွင်းမှုန့် အနည်းငယ် နှင့်အတူ ဆီသတ်ပါ ။
  4. မီးဖိုပေါ်မှ ချပြီး ဆားနှင့် ဟင်းခတ်မှုန့် အနည်းငယ်စီ အရသာဖြည့်စွက်ပါ ။ ခွဲခြမ်း ပြုလုပ်ထားတဲ့ မြေပဲလှော် တွေထည့်မွှေပါ ။ (မီးရှိန်လျှော့ချထားရန်)
  5. ကြော်ယူထားတဲ့ အသားတု တွေထည့်ပြီး မွှေပေးပါ။ နောက်ဆုံး ကြော်ယူ ဆီစစ်ထားတဲ့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ အကြွပ်ကြော်တွေ ရောထည့်ပြီး မွှေပေးလိုက်ရုံပါ ။

Credit: ဟင်းချက်နည်းများ

Photo : Mee Mee Yu