အရသာ ရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်တာဟာ မိမိရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်နော်။

ဒါပေမယ့် တခါတလေ ကိုယ်အသားဝယ်တာမှားသွားလို့ အသားက နဂိုကထက်မာနေရင် သို့မဟုတ် အမဲသားတို့လို မာတဲ့ အသားတွေ ချက်ရင်တော့ သိထားသင့်တဲ့ အသားနူးအိနေအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ သဘာဝ အချဉ်ဓာတ်ကိုသုံးပါ။

သံပုရာသီး၊ ရှာလကာရည်စသည်တို့မှာပါဝင်တဲ့ သဘာဝအချဉ်ဓာတ်က မာတဲ့အသားတွေကို နူးညံ့အောင်ပြုလုပ်ပေးနိုင်ပါတယ်။ သံပုရာရည်၊ ရှာလကာရည်၊ ဒိန်ချဉ် စတဲ့ သဘာဝအချဉ်ဓာတ်ပါတဲ့ အစားအစာ တစ်ခုခုနဲ့ စိမ်ထားပါ။ သဘာဝအချဉ်ဓာတ်တွေက မာနေတဲ့ ပရိုတင်းတွေကို ပျော့အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ သံပုရည်၊ ရှာလကာရည်တို့ကိုတော့ အသားအခြေအနေအပေါ် မူတည်ပြီး မိနစ် ၃၀ ကနေ ၂ နာရီလောက်ဘဲ စိမ်ထားပါ။ စိမ်ထားပြီးလို့ အသားအနားလေးတွေ စပြီး ကျက်ချင်ချင်ဖြစ်လာရင် စတင်ချက်လို့ရပါပြီ။

အများအားဖြင့် ဟင်းသီးဟင်းရွက်ဆိုရင် မိနစ် ၃၀ လောက်၊ ငါး၊ ပင်လယ်စာတို့ဆိုရင် ၁၅ မိနစ်ကနေ ၁ နာရီကြား၊ ကြက်သား၊ ကြက်ဆင်ဆိုရင် မိနစ် ၃၀ ကနေ ၃ နာရီကြား၊ ဝက်သား၊ အမဲသား စသည့် အနီရောင်အသားတွေဆိုရင် အတုံးသေးရင် ၂ နာရီ ဝန်းကျင်နဲ့ အတုံးအရွယ်အစား၊ အသားရဲ့အထူအပါးအပါ်မူတည်ပြီး ၄ နာရီ အထက် စိမ်ထားရပါမယ်။

အင်ဇိုင်းနဲ့ စိမ်ထားပါ

သင်္ဘောသီး၊ နာနတ်သီး၊ ကီဝီသီး စသည့်အသီးတွေမှာပါဝင်တဲ့ အင်ဇိုင်းတွေပါဝင်တာကြောင့် ဒီအင်ဇိုင်းဓာတ်တွေက အသားတွေကို နူးညံ့အောင်ကူညီပေးနိုင်ပါတယ်။

အသီးကို ကြိတ်ထားတဲ့ အနှစ်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင် ကိုထည့်ပြီး နှပ်ထားပေးပါ။ ဒါပေမယ့် နာနတ်သီးလို အသီးမျိုးနဲ့ဆိုရင် အချိန်အကြာကြီး မနှပ်ပါနဲ့။ နာနတ်သီးမှာ Bromelain ဓာတ်ပါဝင်တာကြောင့် အသားတွေကို လျင်မြန်စွာ နူးအိစေပါတယ်။ ဒါ့ကြောင့် ၁ နာရီအောက်ဘဲ ထားသင့်ပါတယ်။အသားက သိပ်မမာရင် အသီးတွေကို လှီးပြီးထည့်ချက်လို့လည်းရပါတယ်။

ဆားနဲ့ နှပ်ပါ


မာနေတဲ့ အသားတွေကို ဆားတွေအများကြီးဖြူးပြီး ၁ နာရီ၊ ၂ နာရီလောက် နှပ်ထားပါ။ မာတဲ့ ကြွက်သား အမျှင်ဓာတ်တွေကို ဆားက ဖြိုခွဲပေးနိုင်ပါတယ်။ ဒါပေမယ့် ဟင်းမချက်ခင်တော့ ဆားတွေကို စင်အောင် ရေပြန်ဆေးလိုက်ပြီး အသားကို ခြောက်အောင်ထားလိုက်ပါ။

ဖြည်းဖြည်းချင်း ချက်ပါ

အသားတွေကို မီးအေးအေးနဲ့ ဖြည်းဖြည်းချင်းချက်ပါ။ အချိန်အကြာကြီးချက်ရင် အသားတွေက နူးညံ့သွားပါလိမ့်မယ်။ မာတဲ့ အမျှင်ဓာတ်တွေ၊ တွဲဆက်နေတဲ့ တစ်ရှူးတွေ ဖြိုခွဲလိုက်နိုင်ပြီး အသားတွေ နူးညံ့သွားပါလိမ့်မယ်။

အသားကို ထုပါ

အသားကို ထုတာကလည်း အသားကို နူးအိအောင် ပြုလုပ်နိုင်တဲ့ နည်းတစ်မျိုးပါ။ အဲ့လို ထုတဲ့နေရာမှာလည်း အသားမာတာတွေကို နူးညံ့အောင် ထုပေးနိုင်တဲ့ ပစ္စည်းကိရိယာ (Tenderizer Tool) နဲ့ ဆိုပိုကောင်းပါတယ်။ ဒါတွေက အသားတွေရဲ့ အမျှင်ကြောင်းတွေမထိခိုက်အောင် ထုတ်လုပ်ထားတာပါ။