မီးဖိုချောင်နဲ့ပတ်သတ်ပြီး အိမ်ရှင်မတိုင်းအတွက်အသုံးဝင်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေကိုကြည့်ပြီး ကိုယ်မသိတာလေးတွေလည်း သိသွားတော့ ဗဟုသုတလည်း ရစေမယ်လို့ထင်ပါတယ်။

ထမင်းအိုးပဲဖြစ်ဖြစ်၊ ဟင်းအိုးပဲဖြစ်ဖြစ် တည်ထားရင် ဝေကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ယောက်မကို အိုးပေါ် တင်ထားပေးရ ပါတယ်။ ဒါဆိုရင်တော့ ဝေကျတာမျိုးတွေ မဖြစ်တော့ပါဘူး။

တချို့ဆားထည့်တဲ့ဗူးတွေမှာ အပေါက်လေးတွေပါပါတယ်။ တစ်ခါတစ်လေကျရင် အပေါက်လေးတွေက ပိတ်နေတော့ ဆားသိပ်မကျတော့တာမျိုး လည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ဗူးထဲကို ဆန်နည်းနည်းထည့်လိုက်ပါ။ ပြီးမှဆားတွေကိုအပေါ်ကနေထည့်မယ်ဆိုရင်တော့ ဗူးပေါက်လည်းပွင့်သွားစေပါတယ်။

ခရမ်းချဉ်သီးတည်ထားတဲ့အခါနဲ့ ဟင်းချက်တဲ့အခါမျိုးမှာဆိုရင် တည်ထားတာပွက်လာတော့ ဘေးဘက်တွေကို ဟင်းတွေပေကျံသွားတတ်ပါတယ်။ အပေါ်ကနေ ဇကာနဲ့အုပ်ထားလိုက်မယ်ဆိုရင်တော့ ဇကာမှာပဲပေပြီး ဘေးတွေကို မပေတော့ပါဘူး။

ဒယ်အိုးတွေမှာပဲဖြစ်ဖြစ်၊ အိုးတွေမှာပဲဖြစ်ဖြစ် ဂျိုးကပ်ပြီးမဲနေရင် သွားတိုက်ဆေးသုတ်ပြီး သွားပွတ်တံနဲ့တိုက်ပေးလိုက်မယ်ဆိုရင်တော့ အကုန်ပြောင်ပြီး သန့်စင်သွားတာတွေ့ရပါလိမ့်မယ်။

Photo Source: www.tipstricks.com