အားလုံးပဲမင်္ဂလာပါ။ချောင်းသာရောက်ရင်မဖြစ်မနေဝယ်စားကျတဲ့အစားအစာတွေထဲမှာ ပုဇွန်ကင်ကထိပ်ဆုံးကပါပါတယ် ။နေရာတိုင်းမှာပုဇွန်ကင်တွေရောင်းနေပေမယ့် ချောင်းသာမှာဝယ်စားရတဲ့ ပုဇွန်ကင်ရဲ့ လတ်ဆတ်တဲ့အရသာနဲ့ ခံစားမှုကဘာနဲ့မှလဲလို့မရပါဘူး။ဒါကြောင့် ချောင်းသာကိုမရောက်ဖြစ် ပေမယ့်လည်း အိမ်မှာပဲချောင်းသာမှာစားရတဲ့အရသာတိုင်းရရှိစေမယ့် ပုဇွန်ကင်နည်းလေးကိုပြောပြပေးချင်ပါတယ်။ချောင်းသာပုဇွန်ကင်ထက် ထူးခြားတာတစ်ခုက ထောပတ်နဲ့ ကြက်သွန်ဖြူအနှစ်လေးနဲ့ ကင်ထားတာဖြစ်တာကြောင့် မွှေးမွှေးလေးနဲ့ သဘာဝအတိုင်းချိုမြိန်တဲ့အရသာကိုရရှိစေမယ့် ပုဇွန်ကင်နည်းလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန် ၆၀၀ ဂရမ်
  • ထောပတ် ၃၀ ဂရမ်
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုပ်ကောင်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • Dried Oregano ၁ ဇွန်း
  • Dried Parsley ၁ ဇွန်း
  • သကြားစားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပရာသီး ၁ လုံး
  • ဝါးတုတ်ချောင်း ၁ ထုပ်
  • သံလွင်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး ပုဇွန်ကင်မယ့်ဝါးတုတ်ချောင်းလေးတွေကို မကင်ခင် ၂ နာရီလောက် အလိုထဲကရေစိမ်ထားပေးရပါမယ်။ ပြီးရင်တော့ ပုစွန်ကိုရေဆးသန့်စင်ပြီး ပုဇွန်ခေါင်းမှာပါတဲ့ ဦးမှင်လေးတွေကို ကပ်ကြေးဖြင့်ညှပ်ထုပ်ပေးပါ။ထို့နောက်ပုဇွန်ရဲ့ ကျောရိုးမှာရှိတဲ့ အမဲရောင်အချောင်းလေးကိုဖယ်ထုတ်ပြီး ပုဇွန်ကို ကျောလယ်ကနေ ဓားပါးပါးလေးဖြင့် ခွဲထုတ်ပေးရပါမယ်။

(၂) ပြီးရင်တော့ ကြက်သွန်ဖြူကို နုပ်နုပ်ဆင်းပြီး ပန်းကန်လုံးတစ်ခုအတွင်း ထောပတ် ငရုပ်ကောင်း ဆားအနည်းငယ် Dried Parsley သကြား Dried Oregano နဲ့ သံလွင်ဆီတစ်ဇွန်းခန့် ရောထည့်ပြီးမွှေပေးပါ။ Dried Parsley ဆိုတာကတော့ နံနံပင်ကိုအခြောက်ခံပြီး ကြိတ်ထားတဲ့အမှုန့်ဖြစ်ပြီး Dried Oregano ကတော့ ဟင်းခတ်အမွှေးအကြိုင်ပင်တစ်မျိုးဖြစ်ပါတယ်။ ၂မျိုးစလုံးကို Supermarket တွေမှာလွယ်လွယ်ကူကူဝယ်လို့ရပါတယ်။

(၃) ပါဝင်ပစ္စည်းတွေအားလုံးရောမွှေထားတဲ့ ထောပတ်အနှစ် လေးအဆင့်သင့်ဖြစ်သွားပြီးဆိုရင်တော့ ကျောခွဲထားတဲ့ပုဇွန်လေးတွေကို ဝါးတုတ်ချောင်းမှာထိုးပေးပါ။ဆက်လက်ပြီး ခုနကမွှေထားတဲ့ထောပတ်အနှစ်လေးကို ခွဲထားတဲ့ ပုဇွန်ရဲ့ကျောလယ်မှာ ဇွန်းအသေးလေးဖြင့် ထည့်ပေးရပါမယ်။လက်နဲ့ ထည့်ရတာအားသန်တယ်ဆိုရင်လည်း လက်နဲ့သေချာထည့်ပေးလို့ရပါတယ်။

(၄) ပုဇွန်တွေအားလုံးကင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပုဇွန်းချောင်းလေးတွေကိ အကင်ဇကာပေါ်စီစီရီရီလေးတင်ပေးပါ။အကင်ဒယ်အိုးနဲ့ဖြစ်စေ မီးသွေးမီးဖိုနဲ့ဖြစ်စေ အဆင်ပြေနဲ့ ကင်နိုင်ပါတယ်။ မီးသွေးနဲ့ကင်တာကတော့ အနံ့ပိုမွှေးပြီး အရသာပိုရှိစေပါတယ်။ မီးဖိုပေါ်မှာ ၁၀ မိနစ်ခန့်ကင်ပေးပါ။ပုဇွန်အခွံလေးတွေ လိမ္မော်ရောင်ပြောင်းလာပြီး ထောပတ်အနှံလေးမွှေးလာပြီဆိုရင်တော့ မီးဖိုပေါ်ကဖယ်လိုက်လို့ရပါပြီ။ပုဇွန်ကင်လေးတွေကို သံပရာသီးတစ်စိတ်အပေါ်ကညှစ်လိုက်မယ်ဆိုရင် တကယ့်ကို အရသာရှိတဲ့ ချောင်းသာပုစွန်ကင်လေးရရှိပြီပဲဖြစ်ပါတယ်။

Source : Ricenflour