ဂျလေဘီ ပဲစုံဟင်းက စည် သြစီမှာကျောင်းတက်ပြီး အဆောင်အိမ်မှာနေခဲ့ရတုန်းက ဘာရယ်လို့ မယ်မယ်ရရ မရှိကြသေးသော လူငယ်များ ပေါင်မုန့်နဲ့တို့စားလို့ရအောင် ရှိတာတွေအကုန်ထည့်ချက်စားဖြစ်သောဟင်းကို စည့်အမေချက်တာလေးနဲ့ပေါင်းစပ်ပြီး စည့်ကိုယ်ပိုင် ဟင်းပွဲလေး ပြန်ထွင်ထားခြင်းပါ။ ချက်စားကြည့်လိုက်နော် ကြိုက်မှာပါ။

ပါဝင်ပစ္စည်းများ

  • ပဲအစုံရော – ခွက်တစ်ဝက် (စပါးလင်၊ ကြက်သွန်ဖြူ၊ ချင်းနှင့် ဆားထည့်၍ ပြုတ်ထားပါ)
  • ပင်စိမ်း – ၃ ပင် (အရွက်တွေခြွေထားပါ)
  • ခရမ်းချဉ်သီး – ၃ လုံး (အစေ့ထုတ်၊ အခွံခွာပြီး အတုံးသေးတွေ တုံးထားပါ)
  • ကြက်သွန်နီ – ၂ လုံး (အတုံးလေးတွေ လှီးထားပါ)
  • ကြက်သွန်ဖြူ – ၂ တက် (နုပ်နုပ်စဉ်းထားပါ)
  • ချင်း – လက်မဝက် အရွယ် (နုပ်နုပ်စဉ်းထားပါ)
  • ဆား – အနည်းငယ်
  • နေကြာဆီ – စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးစိမ်း – ၂ တောင့် (အစေ့ထုတ်ပြီး ခပ်ပါးပါးလှီးထားပါ)
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • အသားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

ချက်ပြုတ်နည်း

  1. ဟင်းအိုးထဲသို့ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငံပြာရည်၊ ငရုတ်သီးနှင့် နနွင်းမှုန့်များထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီနွမ်းလျှင် ရပါပြီ။ ပဲစုံရောထည့်ပြီး ရေ ၂ ခွက်လောက်ထည့်ပြီး တည်ပါ။ ရေဆူအောင်တည်ပြီး ရေသုံးပုံတစ်ပုံလောက်ခန်းလျှင် ခရမ်းချဉ်သီး ထည့်ပြီး တည်ပါ။
  2. ပင်စိမ်းကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပါ။ နှံ့အောင်မွှေပါ၊ ၂-၃ မိနစ်လောက်တည်ပြီး ဆားမြည်းပါ။ လိုတာထပ်ဖြည့်နိုင်ပါသည်။ မီးဖိုပေါ်မှချပါ။ ရေစပ်စပ်လေးနဲ့ထားပါ။ ပင်စိမ်းအုပ်ပါ။ ပူပူအေးအေး သုံးဆောင်လို့ သင့်တော်ပါတယ်။