အားလုံးပဲမင်္ဂလာပါ။ မြန်မာတို့ရဲ့ထမင်းဝိုင်းမှာမပါမဖြစ်တဲ့အရံဟင်းတို့စရာတစ်မျိုးကိုပြောပါဆိုရင် သရက်သီးသနပ်ကို ချန်ထားလို့မရပါဘူး။သရက်သီးသနပ်ဟာ ဟင်းလျာတွေကိုအရသာပိုရှိစေပြီး ထမင်းပိုစာမြိန်စေတဲ့ တို့စရာအချဉ်တစ်မျိုးဖြစ်ပါတယ်။ အများစုကတော့ သရက်သီးသနပ်ကို အလွယ်တကူပဲဝယ်စားကြတာဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ တာရှည်ခံပစ္စည်းတွေမပါပဲ သဘာဝအတိုင်းအရသာရှိတဲ့ သရက်သီးသနပ်ကို ကိုယ်တိုင်အိမ်မှာပဲပြုလုပ်နိုင်မယ့်နည်းလမ်းလေးပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီးစိမ်း ၃ လုံး
  • ငရုပ်သီးအစိမ်းမှုန့် ၃ဇွန်း
  • မဆာလာ ၁ ဇွန်း
  • လေးညှင်းစေ့ ၁ ဇွန်း
  • နနွင်းမှုန့် ၁ ဇွန်း
  • ဇီယာမှုန့် ၁ ဇွန်း
  • ဖာလာစေ့ ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ မွှာ
  • ဆားအနည်းငယ်
  • သကြား ၁ ဇွန်း
  • ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) သရက်သီးစိမ်း၃ လုံးကို ကုဗတုံးပုံသဏ္ဍန် တစ်လက်မခန့် အနေတော်အတုံးလေးတွေ တုံးပါ။ထို့နောက်သရက်သီးတုံးလေးတွေကို ဆားနယ်ပြီး ၃ နာရီခန့် ဆားရေစိမ်ထားပေးရပါမယ်။အချိန်ရရင်ရသလို ၁ ရက်လောက်ဆားရေစိမ်ပေးထားရင် ပိုအရသာကောင်းပါတယ်။သရက်သီးဆားရည်စိမ်ထားတဲ့ အချိန်စေ့ပြီဆိုရင်တော့ သရက်သီးတွေကိုဆယ်ပြီး ဇကာတစ်ခုအတွင်း ရေစစ်ထားပေးပါ။

(၂) ထိုနောက် ဖာလာစေ့ လေးညှင်းစေ့ ဇီယာမှုန့်တို့ကို ကြိတ်စက်ထဲထည့်ကြိတ်ပေးပါ။ဆက်လက်ပြီး ဇလုံတစ်ခုအတွင်း ခုနကကြိတ်ထားတဲ့ ဖာလာ လေးညှင်း ဇီယာ အမှုန့်တို့နဲ့ အတူ မဆာလာ နနွင်းမှုန့် ဆားအနည်းငယ် သကြား တို့ကိုရောထည့် ပြီးသမအောင်မွှေပေးပါ။ပြီးရင်တော့ကြက်သွန်ဖြူကိုလည်း မထူမပါးအလွှာလေးတွေလှီးထားပေးရပါမယ်။

(၃) ထို့နောက် ဇလုံခပ်ကြီးကြီးတစ်ခုအတွင်း သရက်သီးစိမ်းနဲ့ ခုနကရောမွှေထားတဲ့ အရောင်တင်မှုန့်ဟင်းခပ်အမွှေးအကြိုင်တို့ကို ဆီ ၃ ဇွန်းခန့်ထည့်ကာ အရသာဝင်အောင် လက်ဖြင့်ကောင်းစွာဆုပ်ဆုပ်ပြီးနယ်ပေးရပါမယ်။အဆိုပါ နယ်ထားတဲ့ သရက်သီးလေးတွေကို မိနစ်၃၀ ခန့်နှပ်ထားပေးပါ။ပြီးရင်တော့ ဒယ်အိုးတစ်ခုအတွင်း ဆီခပ်များများထည့်ကာ အပူပေးရပါမယ်။

(၄) ဆီဆူလာပြီဆိုရင်တော့ မီးပိတ်ပြီး ခုနကနယ်ထားတဲ့ သရက်သီးတုံးလေးတွေကို ဒယ်အိုးအတွင်းထည့်ပြီး ဆီသပ်ပေးပါ ။ဟင်းခပ်အမွှေးအကြိုင်တွေက တူးလွယ်တဲ့အတွက် မီးပိတ်ဖို့ မမေ့ပါနဲ့။ဆီပူအတွင်းဆီသပ်ပြီး ဟင်းခပ်အမွှေးအကြိုင်အနံ့တွေလည်း မွှေးလာပြီးဆိုရင်တော့ မီးပြန်ဖွင့်ပြီး မီးခပ်အေးအေးဖြင့် ၁ မိနစ်ခန့်ထပ်မံမွှေပြီးဆီသပ်ပေးပါ။ထို့နောက်မီးဖိုပေါ်မှချကာ ဆီသပ်ထားတဲ့သရက်သီးတွေနဲ့အတူ လှီးထားတဲ့ကြက်သွန်ဖြူ လေးတွေကို ရောထည့်မွှေပေးပြီး အအေးခံပေးရပါမယ်။

(၅) ဆီသပ်ထားတဲ့ သရက်သီးလေးတွေအေးသွားပြီဆိုရင်တော့ ပုလင်းတစ်ခုအတွင်း ထည့်ပေးရပါမယ်။ပုလင်းထဲထည့်ရာမှာလည်းလေမခိုအောင် သတိထားပြီး ဖိထည့်ပေးပါ။သရက်သီးအားလုံးထည့်ပြီးပြီဆိုရင်တော့ သရက်သီးမြုပ်သည် အထိဆီသပ်ထားတဲ့ ဆီတွေအားလုံးထည့်ပေးရပါမယ်။ထို့နောက် ပုလင်းသွပ်ထားတဲ့ သရက်သီးသနပ်လေးပုလင်းလေးကို ခြောက်သွေးပြီး စိုထိုင်းမှုမရှိတဲ့နေရာမှာ ၃ ရက်ခန့်ထားပေးပါ။၃ရက်ပြည့်ပြီဆိုရင်တော့ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ သရက်သီးသနပ်လေးကို သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။