ပါဝင်ပစ္စည်းများ

  • ထန်းသီးအမှည့်သီး အနှစ် ၆၀ ဂရမ် (သို့) ထန်းသီးမှည့်အနှစ် ရယ်ဒီမိတ်ဘူး
  • ဆန်မှုန့် ၁၅၀ ဂရမ်
  • သကြား ၁၅၀ ဂရမ်
  • အုန်းနို့ ၂၇၀ ဂရမ်
  • ဆား အနည်းငယ်
  • Baking Powder 1.5 Teaspoons

ပြုလုပ်နည်း

အုန်းနို့ ၊ သကြား နဲ့ ဆား ကို သကြားပျော်ရုံ မီးဖိုပေါ် မှာ တင်ပြီး တည်ပါ။ သကြားပျော်ရင် မီးဖိုပေါ်မှ ချထားပါ။ ဆန်မှုန့် နဲ့ ထန်းသီးနှစ်ကို ယောင်းမ ဖြင့် သမ အောင်မွှေပါ။

မီးဖိုမှ ချထားသော အုန်းနို့ကို တဇွန်းချင်း ထည့် မွှေပါ ။ စေးလာသည်အထိ နယ်ပါ။ အုန်းနို့ရည် ကုန်သည် အထိ တဇွန်းချင်း ထည့်မွှေပါ။

မှုန့်နှစ်ရည် အနေအထား ရောက်ပြီ ဆိုရင် ခွက်ကြီးကြီး (သို့) ဖန်ဇလုံ တလုံးအတွင်းသို့ ဇကာ စစ်ချပါ။ လေလုံအောင် ဖုံးပြီး ၆ နာရီ (သို့) ၈ နာရီ ကြာ ထားပါ။

(ကျမ ကတော့ မနက် မုန့်လုပ်ဖို့ ဆိုရင် ညကတည်းက မုန့်နှစ်ရည် လုပ်ပြီး တည အိပ်ထားလိုက်ပါတယ် ။ ထန်းသီး နံ့ လေး ပိုမွှေးတာ သိသာပါတယ် ။)

ပေါင်းခါနီးမှာ Baking Powder ကို ဇကာနှင့် စစ်ပြီး ထည့်ပါ။ ထည့်နေတုံးမှာ တဖက်ကလဲ မုန့်ကို မွှေနေပါ ။ မိမိ ပေါင်းမဲ့ ခွက် (သို့) ဘန်းထဲ ထည့်ပြီး နာရီဝက် / ၄၅ မိနစ်ခန့် ပေါင်းပါ။ (တခွက်ချင်းစီ ပေါင်းတာထက် စာရင် အားလုံး ခွက်ကြီးကြီး နဲ့ ထည့်ပေါင်းရင် ပိုပွပါတယ် ။)

မုန့်သားပေါ်သို့ ပေါင်းအိုး အဖုံးမှ ချွေးများ မကျစေရန်. ပေါင်းအိုး အဖုံးကို သန့်ရှင်းသော လက်သုတ် ပုဝါဖြင့် ပတ်ပြီးမှ ပေါင်းပါ။ အအေးခံပြီး လိုရာ ပုံကို လှီး (သို့) ကတ်ကြေးဖြင့် ညှပ်ခါ ၊ အုန်းသီး ခြစ်ပြီး ဖြူးစားပါရှင်။

Credit: Ma Ma Soe Mar Lar  & စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ