ငရုတ်သီးစိမ်းနှင့် ရှောက်သီး သိပ်ကို အတွဲမိပါတယ်။ နှစ်ခုပေါင်း ကြော်လိုက်တော့ ချဉ်စပ်စပ် အရသာလေးဖြင့် ဆွဲဆောင်မှုတွေက ကြားရုံနှင့် သွားရည် ကျစေပါတယ်။ နလန်ထ ထမင်းစား ပျက်နေသူတွေ အတွက်လည်း ထမင်းမြိန်စေသော ဟင်းလေး တစ်ခွက်ပါ။ ထမင်းမြိန်စေတာ တကယ်ပါ။ ထမင်းကို နှစ်ပန်းကန် မစားတဲ့ စည်တောင် ထမင်းနှစ်ပန်းကန် ကုန်ပါတယ်။ ချက်ဖြစ်အောင် ချက်စားကြည့်နော် . . . ။

ပါဝင်ပစ္စည်းများ

  • ရှမ်းငရုတ်သီးစိမ်း – ၃ဝ ကျပ်သား (အနေတော်လေးတွေ ညှပ်ထားပါ)
  • ပုစွန်ခြောက်မှုန့် – စားပွဲဇွန်း ၅ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မျှင်ငါးပိစိမ်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အသီးအရွက်ဆီ – စားပွဲဇွန်း ၇ ဇွန်း
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၄ တက် (ထောင်းထားပါ)
  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရှောက်သီး – ၁ လုံး (အသားများနွှာထားပါ)

ပြုလုပ်နည်း

  1. မကပ်သော အကြော်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာလျှင် နနွန်းမှုန့်နှင့် ကြက်သွန်ဖြူ၊ နီ ထည့်တည်ပါ။
  2. မွှေးပြီး အရောင်လှလာလျှင် ငါးပိ၊ အရောင်တင်မှုန့်နှင့် ငံပြာရည်ထည့်ပါ။ သိသိသာသာ မွှေးပြီး လာပါလိမ့်မယ်။ ငရုတ်သီးစိမ်းများ ထည့်ပြီး နွမ်းလာသည်အထိကြော်ပါ။
  3. ပုစွန်ခြောက်မှုန့်ကို ထည့်လို့ရပါပြီ။ ပြီးလျှင် နွှာထားသော ရှောက်သီးအသားများကိုထည့်ပြီး ဖြည်းဖြည်းနဲ့ ဖွဖွလေးမွှေပေးပါ။ ဆား ထည့်ပြီး ခပ်ဖွဖွနှံ့အောင်မွှေပါ။
  4. ငရုတ်သီးနွမ်းလာလျှင် ဆားမြည်ပါ။ လိုတာကိုထပ်ဖြည့်ပြီး ထမင်းပူပူ ဆူးပုတ် ပဲထောပတ် ဟင်းချိုတို့ဖြင့် တွဲစားမယ်ဆိုလျှင် အင်မတန်လိုက်ဖက်ပါတယ်။

မှတ်ချက် – သက်သတ်လွတ်ကြော်ချင်လျှင် ဆား၊ မြေပဲဆန်တို့ဖြင့် ကြော်ရင်ရပါတယ်။