သန့်ရှင်းသပ်ရပ်ပြီး ပစ္စည်းအထားအသိုတွေ စနစ်တကျရှိတဲ့မီးဖိုချောင်လေးက ဟင်းချက်ချိန်မှာ စိတ်လက်ပျော်ရွှင်စေမှာဖြစ်ပြီး စားစရာများအလေအလွှင့်မရှိအောင်လည်း ကူညီပေးမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်တစ်အိမ်ရဲ့ အဓိကမဏ္ဍိုင်တစ်ခုဖြစ်တဲ့ မီးဖိုချောင်ကို ဗြုတ်စဗျင်းတောင်းနဲ့ ညစ်ပတ်မနေဘဲ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အသုံးမလိုတဲ့ပစ္စည်းများကို လွှင့်ပစ်ဖို့ မနှမြောပါနဲ့

အချို့သံထည်ပစ္စည်းများက သံချေးတက်နေတဲ့အခါမှာ လွှင့်ပစ်ဖို့ ဝန်မလေးပါနဲ့။ ထိုသံချေးတက်နေတဲ့အရာကို အသုံးပြုခြင်းက အစာအဆိပ်သင့်စေနိုင်ပါတယ်။ ကာလအတော်ကြာအသုံးပြုပြီးသွားတဲ့ ဓားတွေ တုံးသွားတဲ့အခါ ပြန်သွေးပြီး အသုံးပြုတာပဲဖြစ်ဖြစ် အသစ်ဝယ်ပြီးသုံးမယ်ဆိုလည်း မသုံးတော့တဲ့ပစ္စည်းတွေကို မီးဖိုချောင်ထဲမှာ သိမ်းမထားပါနဲ့တော့။

နေရာကျယ်ကျယ်ပြန့်ပြန့်လေး ဖြစ်ဖို့အတွက် မျိုးတူရာ စုထားပါ

ဟင်းခတ်အမွှေးအကြိုတွေဆို ဟင်းခတ်အမွှေးအကြိုင်သပ်သပ် ဆီပုံးသပ်သပ် ထားပေးပါ။ ဘူးတွေကို ထပ်လို့ရမယ်ဆိုရင် ထပ်ထားလိုက်ပါ။ အရေးကြီးတာကတော့ သုံးပြီးပစ္စည်းကို နေရာမှာ ပြန်ထားဖို့ပဲဖြစ်ပါတယ်။

အိမ်သုတ်ဆေးဘူးအဖုံးများ၊ လင်ဗန်းများ အသုံးပြုပါ

ဘူးအဖုံးတွေကို အသုံးပြုပြီးသွားပါက လွှင့်မပစ်ဘဲ စည်သွပ်ဘူးများ၊ ယိုဘူးများနဲ့ အခြားသော ပုလင်းများကို စီစီရီရီထားနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်တော့ နေရာလွတ်တွေ ထွက်လာမှာပဲဖြစ်ပါတယ်။

စားစရာများကို ရေခဲသေတ္တာထဲမှာ စနစ်တကျသိုလှောင်ထားပါ

အသား ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ရောသိမ်းထားခြင်းက ဘက်တီးရီးယားပိုးမွှားတွေ ပျံ့နှံ့တတ်တာကြောင့် အသား ငါးထည့်တဲ့အခန်းကို သပ်သပ်ခွဲထားပါ။ ကြော်ချက်ပြီးသားအစားအစာကို စင်သပ်သပ်ထားပြီး မချက်ရသေးတဲ့ဟင်းသီးဟင်းရွက်တွေကိုတော့ အခြားစင်မှာ ထားထားရပါမယ်။ ဒါ့အပြင် ရေခဲသေတ္တာကိုလည်း အနည်းဆုံးတစ်လတစ်ခါ သန့်ရှင်းရေးလုပ်ပေးရပါမယ်။

သင့်ရဲ့ မီးဖိုချောင်ကို အပိုင်း (၅) ပိုင်း ခွဲထားပါ

ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို နေရာတစ်ကန့်၊ တစ်ခါသုံးပစ္စည်းများကို နေရာတစ်ကန့်၊ အိုးခွက်ပန်းကန်များ ဆေးကြောသန့်စင်ရမယ့်နေရာ တစ်နေရာ၊ ဟင်းမချက်ခင် သားငါးခုတ်ထစ်ခြင်း၊ ဟင်းသီးဟင်းရွက် လှီးဖြတ်ခြင်း စတဲ့နေရာ တစ်နေရာ၊ ဟင်းချက်တဲ့နေရာ တစ်နေရာဆိုပြီး စုစုပေါင်း (၅) နေရာစီ သီးခြားသတ်မှတ်ထားပါ။

ဒီအချက်တွေကို လိုက်နာပေးမယ်ဆိုရင်တော့ သပ်သပ်ရပ်ရပ်နဲ့ ဟင်းချက်ချင်စရာကောင်းတဲ့ မီးဖိုချောင်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Source: lifehacker.com