အားလုံးပဲမင်္ဂလာပါ။ကန်စွန်းဥအုန်းနို့သာကူ အချိုပွဲလေးကတော့ ကလေးလူကြီးမရွေးအကြိုက်တွေ့ရတဲ့ စားစရာတစ်ခုဆိုလည်းမမှားနိုင်ပါဘူး။အခုလိုရာသီဥတုအေးတဲ့အချိန်နဲ့ ကန်စွန်းဥအုန်းနို့သာကူပူပူလေးကအလိုက်ဖက်ဆုံးဖြစ်တာကြောင့် အိမ်မှာပဲ လွယ်ကူရိုရှင်းစွာနဲ့ အချိန်တိုအတွင်းချက်ပြုတ်နိုင်မယ့် နည်းလမ်းလေးကိုမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာကူစေ့ ၁ ခွက်
  • ကန်စွန်းဥခရမ်းရောင် ၅ ဥ
  • သကြားညို ၁၀၀ ဂရမ်
  • အုန်းနို့ ၁ ဗူး
  • ဆားအနည်ငယ်
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဦးဆုံးအနေနဲ့ အိုးတစ်ခုအတွင်း ရေ ၄ ခွက်ခန့်ထည့်ပြီး တည်ပေးထားရပါမယ်။ရေနွေးဆူလာပြီဆိုရင်တော့ သာကူစေ့ကိုထည့်ပြုတ်ပြီး ယောင်းမဖြင့်အသာအယာမွှေပေးရပါမယ်။၁၅ မိနစ်ခန့်ပြုတ်ပြီး သာကူစေ့လေးတွေကြည်ပြီးကျက်လာပြီဆိုရင်တော့ဇကာတစ်ခုအတွင်းထည့်ကာ ရေစစ် ထားပေးပါ။

(၂) ကန်စွန်းဥကို ကုဗတုံးပုံစံ ခပ်သေးသေးအတုံး လေးတွေတုံးပေးပါ။ထို့နောက် အိုးတစ်ခုအတွင်း လှီးထားတဲ့ကန်စွန်းဥ အတုံးလေးတွေရယ် သကြားရယ်ကိုရောပြီး ရေ ၂ ခွက်ခန့် ထည့်ကာ မီးခပ်အေးအေးဖြင့် ပြုတ်ပေးရပါမယ်။သကြားအားလုံးအရည်ပျော်သွားသည်အထိ ၅ မိနစ်ခန့်ပြုတ်ပေးပါ။ ပြီးရင်တော့ ကန်စွန်းဥပြုတ်ထားတဲ့ သကြားရည်အိုးအတွင်းသို့ အုန်းနို့ထည့်ပေးရပါမယ်။

(၃) အုန်းနို့ထည့်ပြီးပြီဆိုရင်တော့ အရသာအတွက် ဆားအနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့်ဆက်တည်ပေးရပါမယ်။အချိုအတွက်သကြားကိုတော့လိုအပ်ရင်လိုအပ်သလို စိတ်ကြိုက်ထပ်ထည့်နိုင်ပါတယ်။ ၃ မိနစ်ပြည့်ပြီးဆိုရင် မီးပိတ်လိုက်ပါ။ထို့ နောက်ကန်စွန်းအုန်းနို့အိုးထဲသို့ ခုနကပြုတ်ပြီးရေစစ်ထားတဲ့ သာကူလေးတွေထည့်ပြီး ညှင်ညှင်သာသာမွှေးပေးလိုက်ပါတယ်။

(၄) ဒါဆိုရင်တော့ ပူပူနွေးနွေးလေးနဲ့ အရောင်လေးလည်းလှတဲ့ ကန်စွန်းဥအုန်းနို့သာကူ ချိုချိုစိမ့်စိမ့်လေးကို ရရှိပြီပဲဖြစ်ပါတယ်။မိမိနှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ပြီး အာဟာရလည်းရှိ အရသာလည်းရှိတဲ့ ကန်စွန်းဥအုန်းနို့သာကူ လေးကိုသုံးဆောင်လို့ရပါပြီ။

Source : Kitchenbowl