ငယ်စဉ်က ထမင်းပွဲလေး ပြင်ဆင်ပြီးလျှင် ထမင်းပွဲလေး ထိုင်လိုက်တာနဲ့ ပထမဆုံး ကြည့်မိတာက ငရုတ်သီးပါလား ၊ အချဉ်ပါလား ဆိုတာပါဘဲ ။ အိမ်က အမေကတော့ ထမင်းမြိန်စေတဲ့ ငရုတ်သီးဆားထောင်းကို လုပ်ပြီး ဗူးလေးထဲ ထည့်ထားပေးလေ့ ရှိပါတယ် ။ ငပိရည် ပြတ်သွားရင် ရုံးသမား ၊ ကျောင်းသမား သားသမီးတွေရဲ့ ထမင်းဘူးကို ငရုတ်သီး ဆားထောင်းနဲ့ အတို့အမြုပ်လေးတွေနဲ့ ထည့်ပေးလေ့ ရှိပါတယ် ။ ယာထဲ ဆင်းမဲ့ သားတွေနဲ့ အဘကိုလည်း ဆနွင်းဝါဝါနဲ့ ထမင်းကြော်လေး နဲ့ ငရုတ်သီးဆားထောင်း တွဲစားဘို့ကိုလည်း အမြဲတမ်း အစဉ်သင့် လုပ်ထားပေးတယ် ။
ငရုတ်သီး ဆားထောင်းက မြန်မာဟင်း တော်တော်များများနဲ့ တွဲစားလို့ လိုက်ပါတယ် ။ ချဉ်ရည်ဟင်းလေးနဲ့ဘဲ တွဲစားမလား ၊ ပဲနီးလေးဟင်းနဲ့ဘဲ တွဲစားမလား ၊ ကစွန်းရွက်ကြော်နဲ့ဘဲ တွဲစားမလား စားလို့ ကောင်းတာပါဘဲ ။ အိမ်က မိသားစုကလည်း ကိုယ်တို့ ငယ်စဉ်ကအတိုင်း ကြိုက်နှစ်သက်လို့ ထောင်းပြီး အမြဲတမ်း ဘူးလေးနဲ့ ထည့်ထားတဲ့ အရေးပေါ် အရံဟင်း တခွက်ပေါ့ ။ ငရုတ်သီး ဆားထောင်းလေး လုပ်ကြည့်လိုက်ကြ ရအောင်နော် ။
ပါဝင်ပစ္စည်းများ
- ငရုတ်သီးခြေက် အနီတောင့်
- ကြက်သွန်ဖြူ အလုံးသေး
- ဆား
- အချိုမှုန့် အနည်းငယ်
- ပဲဆီ
ပြင်ဆင်ပြုလုပ်နည်း
- ငရုတ်သီးခြောက် အနီတောင့်များကို ရေဆေး ၊ ရေစစ်ပြီး ခြောက်အောင် ပိတ်စတခုနှင့် သုပ်ပါ ။ ခြောက်သွားလျှင် မီးအေးအေးနှင့် လှော်ပေးပါ။
- ကြက်သွန်ဖြူ အလုံးသေးများကို အခွံစင်အောင် မနွှာဘဲ အပေါ်ယံ အခွံလေးများ နွှာပြီး ရေဆေးပါ ။
- ငရုပ်ဆုံထဲတွင် ရေဆေးထားသော ကြက်သွန်ဖြူကို ထည့်ထောင်း (ညက်နေအောင် ထောင်စရာမလို) ၊ လှော်ထားသော ငရုတ်သီးထည့်ထောင်းပြီး ဆား ၊ အချိုမှုန့်အနည်းငယ် ထည့်ထောင်းပြီးလျှင် ဆီလေးပါလေကာ ဆန်းပြီး စားလို့ ရပါပြီ ။
MyFood Myanmar