အားလုံးပဲ မင်္ဂလာပါ။ ထမင်း ဟင်း ချက်ပြုတ်တဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲမှာ အချိန်ကုန်သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို အများကြီး ဝေမျှပေးခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်မှာလည်း ဟင်းချက်ပြတ်ရာမှာ လွယ်ကူလျင်မြန်စေမယ့် နည်းလမ်းတချို့ကို ထပ်မံဝေမျှပေးချင်ပါတယ်။

ကြက်သွန်ဖြူ မြန်မြန်ဆန်ဆန်အခွံခွာချင်ပါသလား

ကြက်သွန်မြွှာတွေကို ပန်းကန်လုံးတစ်လုံးထဲမှာထည့်ထားလိုက်ပါ။ ထို့နောက် အရွယ်အစားတူပန်းကန်လုံးကို အပေါ်က အုပ်ပြီးနောက် လှုပ်ခါပေးလိုက်ပါ။ ဒါဆိုရင်တော့ ကြက်သွန်ဖြူတွေကို တစ်မြွှာချင်းအခွံခွာစရာမလိုတော့ပါဘူး။

ရေခဲသေတ္တာထဲမှာ အစားအစာတွေ ထည့်စရာနေရာလွတ် မရှိတော့တဲ့အခါ

ရေခဲသေတ္တာထဲထည့်မယ့် အစားအစာတွေကို အလုံပိတ်အိတ်လေးထဲထည့်ပြီးနောက် အိပ်ကို ပြားကပ်နေအောင် ဖိလိုက်ပါ။ ပြီးမှ ရေခဲသေတ္တာထဲ ထည့်ပါ။ ဒါဆိုရင်တော့ ရေခဲသေတ္တာထဲမှာ နေရာလွတ်မကျန်တော့မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

ဟင်းချက်ဖို့ ပြင်ဆင်တဲ့အခါ လွယ်ကူလျင်မြန်စေဖို့

ကြက်သွန်ဖြူအခွံ၊ ကြက်သွန်နီအခွံနဲ့ အခြားအစားအစာရဲ့ အခွံတွေကို တစ်နေရာတည်းမှာစုပြီး အားလုံးပြင်ဆင်ချက်ပြုတ်ပြီးပြီဆိုမှ တစ်ခါတည်း လွှင့်ပစ်လိုက်ပါ။ အချိန်ကုန်တာရော လူပင်ပန်းတာရော သက်သာစေပါတယ်။

အသားများကို နုတ်နုတ်စင်းချင်တဲ့အခါ

အသားများကို ရေအေးအေးလေးထဲမှာ တစ်နာရီ၊ နှစ်နာရီခန့် စိမ်ထားလိုက်ပါ။ ထိုရေကိုလည်း မကြာခဏလဲပေးလိုက်ပါ။ ဒါဆိုရင်တော့ နုတ်နုတ်စင်းရတာ လွယ်ကူသွားပါပြီ။

နောက်တစ်နည်းကတော့ အသားတုံးများကို နုတ်နုတ်မစင်းခင်မှာ ရေခဲသေတ္တာထဲတွင်တစ်နာရီခန့် အအေးခံထားလိုက်ပါ။

ကြက်ဥအခွံကို ဖယ်ရှားဖို့ရန်အတွက်

ပန်းကန်လုံးထဲသို့ ကြက်ဥကို ခွဲထည့်လိုက်တဲ့အခါ တစ်ခါတလေကျရင် ကြက်ဥအခွံအဖတ်ကလေးတွေပါ ပြုတ်ကျသွားတတ်ပါတယ်။ အဲ့ဒီအချိန်ကျရင် ကြက်ဥအခွံနဲ့ပဲ ပြန်ဆယ်ယူလိုက်ပါ။

သံပုရာသီး၊ သံပုယိုသီးတို့ကို အရည်ညစ်တဲ့အခါ အရည်များများလေး ရရှိဖို့ရန်အတွက်

သံပုရာသီးကို စားပွဲပေါ်မှာ တစ်မိနစ်ခန့် လှိမ့်ပေးလိုက်ပါ။ ဒါမှမဟုတ်ရင် မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၂၀ ခန့် ထည့်ထားလိုက်ပါ။ ထို့နောက် ဓားနဲ့လှီးပြီး အရည်ညစ်လိုက်လို့ရပါပြီ။

စေးကပ်တဲ့ အစားအစာတွေ ခပ်တဲ့အခါ ဇွန်းမှာကပ်မကျန်နေခဲ့ဖို့အတွက်

ပျားရည်၊ ထောပတ်စတဲ့ စေးကပ်ကပ် အစားအစာတွေကို ဇွန်းနဲ့ မခပ်ထုတ်ခင်မှာ အရင်ဦးဆုံး ဇွန်းကို ဆီနဲ့ သုတ်လိမ်းထားလိုက်ပါ။ ဒါဆိုရင်တော့ ဇွန်းမှာလုံးဝကပ်ကျန်နေခဲ့တော့မှာမဟုတ်ပါဘူး။

မိုက်ခရိုဝေ့ဖ်အထဲက အသုံးပြုတာများလို့ ညစ်ပတ်နေပြီလား

မိုက်ခရိုဝေ့ဖ်ကို မဆေးခင်မှာ ရေတစ်ခွက်အရင်ထည့်ပြီး ဆူအောင်တည်ထားလိုက်ပါ။ ရေခိုးရေငွေ့တွေက အထဲကအညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Source: theleangreenbean.com