တခါတလေ မနက်စာအနေနဲ့ အပြောင်းအလဲလေးဖြစ်အောင် ပေါက်စီဝယ်စားပေမယ့်လည်း အသားကနည်းနည်း ဂျုံကများနေတဲ့အခါ စိတ်တိုင်းမကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ်တိုင်းမကျတာတွေမဖြစ်ရအောင် ကိုယ်ကိုယ်တိုင် အိမ်မှာပဲ ပေါက်စီလုပ်စားမယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ဂျုံ – ၅၀၀ ဂရမ်
  • ရိစ် (Yeast) – ၁/၂ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၅၀ ဂရမ်
  • ဆီ – ၅၀ ဂရမ်
  • ဘဲဥ – ၁ လုံး
  • ရေ – ၂၀၀ ဂရမ်
  • ဆား – ၃ ဂရမ်
  • ဘီကင်ပေါင်ဒါ (Baking Powder) – ၁/၂ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ဂျုံမှလွဲ၍ ကျန်ပစ္စည်း အားလုံးကို ခွက်တစ်လုံးမှာ နှံ့အောင်မွှေပြီး ၁၅ မိနစ် အပွခံပါ ။ ပြီးမှ ဂျုံထည့်ပြီး (လက်/စက်) ဖြင့်နယ်ပေးပါ ။
  2. လက်နဲ့ဆို စားပွဲပေါ်မှာ ဂျုံကို လက်ဖနောင့်နဲ့တွန်း တွန်းပြီး ချေနယ် နယ်ပေးပါ ။ ရေခြောက်ပြီး အကြော တင်းသွားအောင် ၁၅ မိနစ်လောက် နယ်ပါ ။
  3. ပြီးရင် ၃၀ ဂရမ် လောက်လုံးပါ ။ လုံးပြီးသား ဂျုံလုံးတွေကို ပလတ်စတစ်နဲ့ လေလုံအောင် ပိတ်ပြီး ၁၅ မိနစ်လောက် အပွခံပါ ။ ပြီးရင်တော့ အစာသွတ်လို့ ရပါပြီ ။ အစာကတော့ မိမိ စိတ်ကြိုက် ထည့်နိုင်တာမို့လို့ မရေးပြတော့ပါဘူး ။
  4. အလုံး ၂၀ လောက် ရပါတယ် ။ အစာသွတ်ပြီးရင် လေလုံအောင် ပိတ်ထားပြီး ၂ နာရီ အပွခံပါ ။ ပွပြီဆိုရင် မီးပြင်းပြင်းနဲ့ ၁၀ မိနစ်ကျော် ပေါင်းပါ ။ ၁၀ မိနစ် မပြည့်မချင်း အိုးအဖုံးကို မလှပ်ပါနှင့် ။ ဂျုံသား သေသွားတတ်လို့ပါ ။
  5. ရေငွေ့ လုံလေ မုန့်ပွလေ ပါပဲ ။ အထဲမှာ အုန်းသီးနဲ့ စားချင်ရင် အုန်းသီး ကိုခြစ် ၊ သကြား ၊ ဆားလေးနဲနဲ ထည့်နယ်ပြီး အစာသွတ် ၍စားနိုင်ပါတယ် ။

Credit: Original Uploader & Myat Lay Mg